ရာသီကြို ခြေစမ်းပွဲ မှာ လီဗာပူးကို ဂိုးပြတ်အနိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

လီဗာပူး ဟာ အရန်လူတွေ ၊ လူငယ်ကစားသမားတွေနဲ့ အဓိက ပွဲထွက်လာခဲ့ပြီး ပထမ လူစာရင်းထဲက ဟန်ဒါဆင် ၊ လူးဝစ် ဒီယာ့ဇ် နဲ့ ဂိုးသမား အလစ်ဆွန် တို့ ၃ ဦးသာ ပါဝင်ခဲ့ပါတယ် ။

လူသစ်လေး ဖာဘီယို ကာဗယ်ဟို ကတော့ သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ ပထမဆုံး ပွဲထွက်ခွင့်ကို ရရှိခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ နည်းပြသစ် တန်ဟတ် ရဲ့ ပထမဆုံး ပွဲ ဖြစ်တာနဲ့ အညီ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက် လာခဲ့ပြီး ဟယ်ရီမက်ဂွဲယား တဦးသာ ပါဝင်မလာခဲ့ပါဘူး ။

ပထမပိုင်းမှာ လီဗာပူး ဟာ လူးဝစ် ဒီယာ့ဇ် ဘက်ကနေ အဓိက ထိုးဖောက်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ၊ တိုင်ထိ ထွက်မှုတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဂိုးမရခဲ့ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဂိုးမက် နဲ့ လူငယ်တွေ ပွဲထွက်လာတဲ့ လီဗာပူး ခံစစ်ရဲ့ အားနည်းမှုတွေကို အခွင့်ကောင်း ယူပြီး ပထမပိုင်းမှာ ဆန်ချို ၊ ဖရက်ဒ် ၊ မာစီရယ် တို့က ဂိုးတွေ သွင်းနိုင်ခဲ့ ပါတယ် ။

ဒုတိယပိုင်း အစမှာတော့ ယူနိုက်တက် လည်း တသင်းလုံး လူစားလဲ ခဲ့ပြီး ဖီယင်နု ကနေ ပြောင်းရွှေ့ လာတဲ့ မာလာစီယာ လည်း ပါဝင် ကစားခဲ့ပါတယ် ။

လီဗာပူး ကတော့ ပထမပိုင်း မပြီးခင် ကတည်းက တသင်းလုံး လူစားလဲ ခဲ့ပေမယ့် ဗန်ဒိုက် ၊ ဖာဘင်ဟို ၊ အာနိုး ၊ ဆာလာ တို့လို အဓိက ကစားသမားတွေကို မိနစ် ၆၀ မှသာ လူစားလဲ ထည့်ကစားသွားခဲ့ ပါတယ် ။

ဘင်ဖီကာ ကနေ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူးသစ် ဒါဝင် နူညက်ဇ် ကလည်း မိနစ် ၆၀ မှာ ဆာလာ တို့နဲ့ အတူ လူစားဝင် ကစားသွားခဲ့ ပါတယ် ။

အဓိက ကစားသမားတွေ ဝင်လာအပြီးမှာ လီဗာပူးတို့ ကစားပုံ သိသိသာသာ ကောင်းလာခဲ့ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် လူငယ်တွေ ရဲ့ ကြိုးစား ကစားမှုက လီဗာပူး ကို တုန့်ပြန် ကစားနိုင်ခဲ့ပြီး အဲရစ်ဘိုင်လီ ကလည်း ခံစစ်မှာ ပုံစံကောင်းတွေ ပြသွားခဲ့ ပါတယ် ။

လီဗာပူး က ဖိကစားနေပေမယ့် တန်ပြန် တိုက်စစ်ကနေ ယူနိုက်တက်တို့ နောက်ထပ် ၁ ဂိုး ထပ်ရခဲ့ပြီး ပယ်လီစထရီ က သွင်းယူခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် က လီဗာပူး ကို ၄-၀ နဲ့ အနိုင် ကစားပြီး Bangkok Century Cup ကို ရရှိအောင်ပွဲခံသွားခဲ့ပါတယ် ။