ပြည်ပရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်လျှောက်ထား ရမည် ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်လျှောက်ထားရမည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက် ထားရမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။

မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ် ရုံးများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ် လုပ်ကိုင်၊ နေထိုင်နေသည့် မြန်မာနိုင်ငံသားများ ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများ၌  ]ပုံမှန်အတိုင်း}  လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြ ထားသည်။

မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများတွင် သာမန် မြန်မာနိုင်ငံကူး လက်မှတ်အမျိုးအစား ခုနစ်မျိုးဖြစ်သည့် PB (Business Passport ) , PT (Dependent Passport), PJ (Job Passport), PR (Religious Passport), PS (Seaman Passport), PE (Student Passport)  နှင့် PV (Visit Passport)အားလုံးကို သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇူလိုင် ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Eleven