ရုရှားခြိမ်းခြောက်မှုကိုကာကွယ်ရန် နေတိုးအဖွဲ့ အတွင်းစစ်အင်အားတိုးမြှင့်မည်ဟုအမေရိကန် ကြေညာ

စပိန်နိုင်ငံရှိ ရိုတာအခြေစိုက်ရေတပ်စခန်းသို့ နောက်ထပ်ဖျက်သင်္ဘောနှစ်စီး စေလွှတ်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး အဆိုပါနေရာ၌အခြေစိုက်ထားသည့် အမေရိကန်ဖျက်သင်္ဘောပေါင်း ခြောက်စီးအထိ ရှိလာမည်ဖြစ်သည်။

“စစ်ပွဲမစခင်မှာ ကျွန်တော်တို့ပြောခဲ့သလိုပဲ ပူတင်က ယူကရိန်းကို တိုက်ခိုက်ခဲ့မယ်ဆိုရင် အမေရိကန်က ဥရောပမှာ ကျွန်တော်တို့ရဲ့ အင်အား အနေအထားကို မြှင့်တင်ပြီး ဥရောပလုံခြုံရေးနယ်ပယ်အသစ်ရဲ့ လက်တွေ့ကျမှုအတွက် တုံ့ပြန်မှာပါ။” ဟု စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်နှင့်အတူ ပြောကြားခဲ့သည်။

“ညီညွတ်စွာနဲ့ပဲ ကတိကဝတ်အသစ်တွေက မဟာမိတ်တွေရဲ့ စည်းလုံးမှုနဲ့ သန္နိဋ္ဌာန်ကို အထင်ကြီးလောက်စရာ ပြသမှုတွေနဲ့ နေတိုးအဖွဲ့ရဲ့ လုံခြုံရေးအတွက် ၃၆၀ ဒီဂရီပတ်လည် ချဉ်းကပ်မှု ဖြစ်လာပါလိမ့်မယ်။”ဟု ဘိုင်ဒင်ကပြောသည်။ နေတိုးအဖွဲ့အတွင်း အမေရိကန်တပ်ဖွဲ့၏ အနေအထားကို မြှင့်တင်ရန်အတွက် ယခုသီတင်းပတ်အတွင်း စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးတွင် အမေရိကန်က သီးခြားကြေညာချက်များ ထုတ်ပြန်ဖွယ်ရှိကြောင်းအမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောဆိုခဲ့ ပြီးနောက် အဆိုပါ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတိုးမဟာမိတ်အဖွဲ့ဝင်များက ၎င်းတို့၏ နိုင်ငံတော်ဘတ်ဂျက်မှနေတိုးအတွက် ရန်ပုံငွေတိုးမြှင့်ရေးအပေါ် သီးခြားရည်မှန်းချက်များကို သဘောတူညီမှုရရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

အမေရိကန်ဦးဆောင်သော စစ်ဘက်မဟာမိတ်အဖွဲ့က ဥရောပအရှေ့ဘက်ရှိ ၎င်းတို့၏ တပ်ဖွဲ့များကို တပ်မဟာအဆင့်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ဂ်က ပြီးခဲ့သည့် တနင်္လာနေ့တွင် ကြေညာခဲ့ပြီး ယင်းမှာ “၎င်းတို့၏ပူးပေါင်းတားဆီးကာကွယ်ရေးအတွက် အကြီးကျယ်ဆုံး ပြန်လည်ပြင်ဆင်မှုဖြစ်လာလိမ့်မည်” ဟု၎င်းက ပြောသည်။

“ကျွန်တော်တို့ဟာ အသင့်ဖြစ်နေတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို အင်အား ၃၀၀,၀၀၀ ကျော်အထိ တိုးမြှင့်သွားမှာပါ။” ဟု ၎င်းက ထပ်မံပြောသည်။

ယင်းတိုးချဲ့မှုတွင် ကြိုတင်ဖြန့်ကြက်ထားသည့် လက်နက်ကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ လေကြောင်းရန်ကာကွယ်ရေးကဲ့သို့သော ရှေ့တန်းတပ်ဖြန့်မှုစွမ်းရည်၊ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုတို့ကို အားကောင်းလာစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ -Ref:CNN