ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်အတွက် အယူခံကို ဇူလိုင်လအတွင်း CAS ကြားနာစစ်ဆေးမည်

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အားကစားခုံရုံး(CAS) သည် ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့် ပြစ်ဒဏ်အတွက် အယူခံကို ဇူလိုင်လအတွင်း ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော် စစ်ပွဲဆင်နွှဲမှုကြောင့် ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်း များအား နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA)က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရုရှားဘောလုံးအဖွဲ့ချုပ်(RFU) အပါအဝင် အာဏာပိုင်များက ယင်းပြစ်ဒဏ်များအတွက် CAS ထံ အယူခံဝင်ထားရာ လာမည့် ဇူလိုင်လအတွင်း ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။

RFU ၏ အယူခံကို ဇူလိုင် ၅ ရက် နှင့် ကလပ်အသင်းများ၏ အယူခံကို ဇူလိုင် ၁၁ ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ရှေ့နေများနှင့် တာဝန်ရှိသူများက အတည်ပြုထားသည်။

FIFA နှင့် UEFA က အရေးယူခဲ့သည့် ပြစ်ဒဏ်အရ ရုရှားလက်ရွေးစင်အသင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ Play-offs ဆီမီးဖိုင်နယ် ကစားခွင့်ဆုံးရှုံးခဲ့ရပြီး ယင်းပြစ်ဒဏ်ကို ဆိုင်းငံ့ပေးရန် အယူခံဝင်မှုကိုမူ CAS က လက်မခံဘဲ ပယ်ချခဲ့သည်။

ထို့ပြင် ရုရှားအမျိုးသမီးအသင်းမှာလည်း ယူရို-၂၀၂၂ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ထားသော်လည်း ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရသည်။

သို့ဖြစ်ရာ ဇူလိုင် ၅ ရက်ကြားနာမည့် စစ်ဆေးမှုတွင် အယူခံအောင်မြင်ခဲ့လျှင်ပင် ရုရှားအမျိုးသားနှင့် အမျိုးသမီးလက်ရွေးစင်အသင်းမှာ ယခုနှစ်ကျင်းပမည့် မေဂျာပြိုင်ပွဲများကို လွဲချော်ရတော့မည်ဖြစ်သည်။

ကလပ်အသင်းများမှာမူ ဇူလိုင် ၁၁ ရက် ကြားနာမည့် စစ်ဆေးမှုတွင် အယူခံအောင်မြင်ပါက ၂၀၂၂-၂၀၂၃ ရာသီ ချန်ပီယံလိဂ် အပါအဝင် ဥရောပကလပ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ချက်ရှိနေကြောင်း သိရသည်။

ပုံမှန်အားဖြင့် ရုရှားပရီးမီးယားလိဂ် ချန်ပီယံအသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့် တိုက်ရိုက်ဝင်ခွင့်၊ ဒုတိယ ရရှိသည့်အသင်းမှာ ချန်ပီယံလိဂ်ခြေစစ်ပွဲ တတိယအဆင့်၊ တတိယရရှိသည့်အသင်းမှာ ယူရိုပါလိဂ်အုပ်စု အဆင့်၊ စတုတ္ထနှင့် ပÍ္စမရရှိသည့် အသင်းမှာ ယူရိုပါကွန်ဖရင့်လိဂ်ခြေစစ်ပွဲ တတိယအဆင့်နှင့် ဒုတိယအဆင့်မှ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ရာသီ ရုရှားပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဇင်းနစ်အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ဆိုချီ၊ ဒိုင်နမိုမော်စကို၊ ခရက်စ်နိုဒါ နှင့် CSKA မော်စကိုအသင်းတို့ အဆင့် ၂ မှ ၅ အထိ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။