မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ၁၂ ဦး သေဆုံးကာ သုံးဦး ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇ လီကြိုးတံတားအနီးတွင် ဇွန် ၂၂ ရက် နံနက်ပိုင်း က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ၁၂ ဦး သေဆုံး ကာ သုံးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဇွန် ၂၂ ရက်က မဲဇလီကြိုးတံတားအနီး ဆည်တော်ကျေးရွာဘက်အခြမ်းတွင် စလင်း-ကံပြားဘက်မှ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ခြောက်ဘီးအနီရောင် ဖောကားအား ဗိုလ်မှူး တစ်ဦး ဦးစီးသည့်အဖွဲ့က မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ဖောကားပေါ်တွင် ခန့်မှန်းအင်အား ၂၀ ခန့် တွေ့ရှိရပြီး ယာဉ်ပေါ်မှ စတင်ပစ်ခတ်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် ရဲတပ် ဖွဲ့၏ ကြေးနန်းသတင်းပို့ချက်တွင် ဖော်ပြထားသည်။ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါယာဉ်သည် ပေါက်ကွဲ ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်ပါ PDF ၁၂ ဦး သေဆုံးခဲ့ကာ အမျိုးသား သုံးဦးအား အရှင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့်  KA-25 အမျိုးအစား ဟု ယူဆရသော လက်နက် ၂၅ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍  “ဖြစ်စဉ် ဖြစ်သွားတာတော့ ဟုတ်ပါတယ်။ ကျွန်တော် တို့လည်း အနီးဆုံးနေရာက ကျေးရွာတွေဆီ ဖုန်းဆက်ပြီး သိရတာပါ။ ဘယ်နှယောက် သေဆုံးတယ်၊ ဒဏ်ရာရတယ်လို့ အတိအကျတော့ မသိရပါဘူး။ ပုသိမ်-မုံရွာ ကားလမ်းနဲ့ စတင်း စေတုတ္တရာ ကားလမ်းဆုံနေရာက ကန်ပြားကျေးရွာနားမှာ တပ်မတော်ဘက်က အများအပြား နေရာချထားတာတွေလည်း ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြား သည်။

အဆိုပါဖြစ်စဉ်၌ ဖမ်းဆီးရမိခဲ့သည့် အမျိုးသား သုံးဦးတွင် နှစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိထားကြောင်း၊ သိမ်းဆည်းရမိခဲ့သည့် KA-25 အမျိုးအစားဟု ယူဆရသော လက်နက် ၂၅ လက်အနက် ၁၉ လက်မှာ ပျက်စီးသွား ကြောင်းနှင့် ၄၀ မမဗုံးပစ်လောင်ချာသည်လည်း ပျက်စီးသွားကြောင်း လူမှုကွန်ရက်၌ ပျံ့နှံ့နေ သည့် ရဲကြေးနန်းစာ၏ ဖော်ပြချက်အရ သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားအနီးတွင် ဇွန် ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မေးမြန်းထားသော်လည်း တစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

source: Eleven