နီပေါတွင် လောင်ဆီဈေးတက်မှုကြောင့် ဆန္ဒပြမှုအားမျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွင်းခဲ့ရ

ခတ္တမန္ဒူ၊ ဇွန် ၂၀

နီပေါနိုင်ငံ၏မြို့တော် ခတ္တမန္ဒူ၌ ဇွန်လ ၂၀ ရက် တနင်္လာနေ့တွင် လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့် ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြနေသူများအား ရဲများက မျက်ရည်ယိုဗုံးများသုံးကာ လူစုဖြိုခွဲခဲ့ရကြောင်း မျက်မြင်သက်သေများနှင့် ရဲအရာရှိများက ပြောကြားခဲ့သည်။

နိုင်ငံပိုင် နီပေါရေနံကော်ပိုရေရှင်း (NOC)သည် ဓာတ်ဆီတစ်လီတာနှင့် ဒီဇယ် တစ်လီတာဈေးနှုန်းအား ၁၂ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်းစီ အသီးသီး တိုးမြှင့်ခဲ့သဖြင့် ငွေကြေးဖောင်းပွလာမှုအပေါ် ပြည်သူလူထု၏ မကျေနပ်ချက် နှင့် စိုးရိမ်စိတ်များအား ဖြစ်​ပေါ်​စေခဲ့သည်။

ဆန္ဒပြသူ တရာခန့်မှအချို့သည် ကျောက်ခဲများဖြင့် ပြန်လည်ပစ်ပေါက်ခဲ့သဖြင့် ရဲကားတစ်စီး ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူများမရှိသဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ရဲအရာရှိ ဒီနှစ်ရှ် မေနာလိုင်က ပြောကြားခဲ့သည်။

လောင်စာဆီဈေးမြင့်တက်ပြီးနောက် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်၏ ဈေးနှုန်းများ ၇ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ကမ္ဘာ့ရေနံစျေးမြင့်တက်လာမှုနှင့် လောင်စာဆီတင်သွင်းရာ၌ အရှုံးပေါ်နေသော NOC အားသက်သာမူရ​​စေရန် အဆိုပါနှုန်းထားမြှင့်တင်ခြင်းအား မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထောက်ပံ့ရေးဝန်ကြီး ဒီလင်းဒရာ ပရာဆက် ဘာဒူက တနင်္လာနေ့၌ လွှတ်ကော်မတီတစ်ခုကို ပြောကြားခဲ့သည်။

Source: Reuters