ထိုင်းနိုင်ငံ ပရာ့ကျွတ်ခရိုင်အတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၉၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ပရာ့ကျွတ်ခရိုင် ထပ်စတယ်မြို့နှင့် မောင်မြို့ နေရာနှစ်ခုတွင် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာအလုပ်သမား ၉၂ ဦးကို ယမန်နေ့ (ဇွန် ၂၀ ရက်)တွင် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများကဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါမြို့နယ်နှစ်ခုအတွင်းရှိ ဟွေ့ဆိုင်ကျေးရွာ နှင့် ဟွေ့ယမ် ကျေးရွာများကို စောင့်ကြပ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ မြန်မာအလုပ်သမားများနှင့် ထိုင်းပွဲစားတစ်ဉီးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက် Migrant Times  သတင်းဌာနက ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများ၌ အမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၂၂ ဦးပါဝင်ပြီး ၎င်းတို့သည် ရခိုင် ၊ ရန်ကုန် ၊ ပဲခူး နှင့် စစ်ကိုင်းတိုင်း တို့မှ လာရောက်သူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း အလုပ်ရရန် ပွဲစားကြေး တစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိပေးရကြောင်းလည်း အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များသည် ဖမ်းဆီးရမိသူများကို မေးမြန်းစစ်ဆေးမှုများပြုလုပ်နေပြီး ဉပဒေအရ အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကလည်း မ‌လေးရှားနိုင်ငံသို့သွားရောက်ရန် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၇ ဦးကို မလေးရှား နှင့် ထိုင်းနယ်စပ် အနီးရော်ဘာစိုက်ပျိုးရေးခြံအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။