ရုရှားက မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ ပိုမိုပူးပေါင်း လုပ်ကိုင်မည်

ရုရှား – မြန်မာ နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်ကျင်းပသည့် (၂၅) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် (25th St. Petersburg International Economic Forum- SPIEF’ 22 )ကာလအတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု မြန်မာအစိုးရဖက်မှ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီးဖြစ်သူ H.E. Mr. SHULGINOV Nikolay ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ Mr. SHULGINOV Nikolay က ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများ၌ ရုရှားကုမ္ပဏီများ ပါဝင်ဆောင်ရွက်နေမှုများနှင့် ရေနံနှင့်ရေနံထွက် ပစ္စည်းများ တင်ပို့ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံအတွက် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ရှင်း လင်းပြောကြားခဲ့ပြီး ရုရှားနိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ပူးပေါင်းလုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ လက်တွေ့လုပ်ငန်းဆောင်ရွက်ရန် သဘောတူမှု ရရှိခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးသည် Park Inn by Radisson Pul kovskaya ၌ ကျင်းပပြုလုပ်သော INTER RAO- Export LLC နှင့် လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနတို့အကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည် မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်စီမံကိန်းများ ပူးပေါင်း ဆောင် ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ထို့ပြင် ROSATOM State Nuclear Energy Corporation ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Alexey Likhachev အား လက်ခံတွေ့ဆုံကာ ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာအသုံးပြု၍ စက်ပစ္စည်း များထုတ်လုပ်ဆောင်ရွက်မှုအခြေအနေ၊ နျူကလီးယားစွမ်း အင်အသုံးပြုမှုနှင့်စပ်လျဉ်း၍ လိုအပ် သည့်ကိစ္စများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်မှုအခြေအနေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။