ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်အသုံးပြုလာနိုင်သည့် အန္တရာယ်နှင့်ရင်ဆိုင်နေရဟု ဆွီဒင်သုတေသနအဖွဲ့ ဆို

ကမ္ဘာပေါ်တွင် စစ်အေးကာလနောက်ပိုင်း နျူကလီးယားလက်နက်များ အသုံးပြုလာနိုင်သည့် အမြင့်ဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဆွီဒင်သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့ပြင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုများသည်လည်း လာမည့် ၁၀ စုနှစ်အတွင်း ပိုမိုကြီးထွားလာမည်ဟု စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနက ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၂၇၀၅ ခု ရှိမည်ဟု အဆိုပါအဖွဲ့က ခန့်မှန်းထားပြီး ယင်းအရေအတွက်မှာ ယမန်နှစ်ကထက် ၃၇၅ ခု နည်းပါးနေသည်။

နျူကလီးယားထိပ်ဖူးများ ပိုင်ဆိုင်မှု၏ ၉၀ ရာခိုင်နှုန်းသည် အမေရိကန်နှင့် ရုရှားတို့ဖြစ်ကာ ရုရှားတွင် ၅၉၇၇ ခုရှိသည်ဟု ခန့်မှန်းထားရာ ယမန်နှစ်ကထက် ၂၇၈ ခု လျော့နည်းသွားသည်ဆို၏။

အမေရိကန်တွင်မူ နျူကလီးယားထိပ်ဖူး ၅၄၂၈ ခုရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၁၂၂ ခု နည်းပါးနေသည်။ သို့သော် ထိုသို့ အရေအတွက်လျော့နည်းမှုမှာ စစ်ဘက်တွင် အသုံးမပြုတော့သည်များကို ဖျက်သိမ်းလိုက်ခြင်းကြောင့်ဟု ဆွီဒင်သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားတွင် နျူကလီးယားထိပ်ဖူး ၂၀ ခန့်၊ အိန္ဒိယတွင် ၁၆၀ ရှိပြီး တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့၏ နျူကလီးယားထိပ်ဖူးပိုင်ဆိုင်မှုမှာ မပြောင်းလဲကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။