အမေရိကန်၌ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ နှစ်သိန်းရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ ၂၀၀,၀၀၀ ရှိပြီလို့ ဂျွန်စ် ဟော့ပကင်းစ် Johns Hopkins တက္ကသိုလ်က သတင်းထုတ်ပြန်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှု မပြုခင်က ကိုဗစ်-၁၉ ကြောင့် ကနဦီးသေဆုံးမှုတွေကို တခြားအကြောင်းတွေ ကြောင့်လို့ မှတ်ယူခဲ့တာ ဖြစ်နိုင်တဲ့အတွက် လက်တွေ့မှာ ကိန်းဂဏန်း ဒီ့ထက်များနိုင်တယ်လို့လည်း ဆိုပါတယ်။

သေဆုံးနှုန်း တိုးနေပြီး တနေ့ကို လူ ၇၇၀ ထိ သေဆုံးနေတာပါ။ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပြန်ဖွင့်တာနဲ့ ဆောင်းရာသီဝင်လာတာကြောင့် ဒီနှစ်ကုန် အမေရိကန်မှာ သေဆုံးသူ လက်ရှိထက် နှစ်ဆ တိုးပြီး လေးသိန်းထိ ဖြစ်သွားနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်ရဲ့ နမူနာခန့်မှန်းချက်အရ သိရပါတယ်။

ကာကွယ်ဆေးကတော့ လာမဲ့ နှစ် ၂၀၂၁ အထိ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်မယ့်အဆင့် ရောက်မဲ့အလားအလာ မရှိပါဘူး။

ကမ္ဘာ့လူဦီးရေရဲ့ ငါးရာခိုင်နှုန်းရှိတဲ့ အမေရိကန်မှာ ကိုဗစ်ကြောင့် သေနှုန်းမှာတော့ ကမ္ဘာ့ ၂၀ ရာခိုင်နှုန်းကျော် (ငါးပုံတပုံကျော်) နဲ့ ထိပ်ဆုံးကပါ။

အမေရိကန်နောက်မှာ ဘရာဇီးက နံပါတ်နှစ် (၁၃၇,၀၀၀ ခန့်)၊ အိန္ဒိယက နံပါတ်သုံး (၈၉,၀၀၀ နီးပါး)၊ မက္ကဆီကိုက နံပါတ်လေး (၇၄,၀၀၀ ခန့်) အသီးသီးဖြစ်ပါတယ်။

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်သူ ၃၁ သန်းနဲ့ သေဆုံးသူ တသန်းနီးပါး (၉၆၅,၀၀၀ ကျော်) ရှိပြီလို့ Johns Hopkins တက္ကသိုလ်က သတင်းထုတ်ပြန်ထားပါတယ်။ Source : AP