အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ရန် One စီစဉ်

MMA (One Championship) ဝိတ်တန်းနှစ်ခု၏ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ် ပွဲအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်း One ၏ အမှုဆောင် အရာရှိချုပ် ချာထရီက ဗြိတိန်နိုင်ငံအခြေစိုက် South China Morning Post သတင်းဌာနကို ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်က အင် ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဒီရစ်ဒါက ဘရာဇီး ဖိုက်တာ အက်တီဒက်စ်ကို အနိုင် ရရှိပြီးနောက် မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရရှိခဲ့ ခြင်းဖြစ်သည်။

ထိုစဉ်က ဒီရစ်ဒါ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်က လက်ခံထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း ဒီရစ်ဒါ၏ ဒူးဒဏ်ရာကြောင့် ပွဲပျက်ခဲ့ရသည်။ ထို့ကြောင့် ဒီရစ်ဒါ အစား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် အောင်လအန်ဆန် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

သို့သော် ဘစ်ဒက်ရှ်သည် ချန်ပီယံစိန်ခေါ်ပွဲအတွက် လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာပြဿနာရှိလာသဖြင့် ဒီရစ်ဒါနှင့် ပြန်လည်ထိုးသတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြထား သည်။

လာမယ့်တစ်ပတ်ထဲမှာ One Championship ရဲ့ ကြီးမားတဲ့ ပွဲစဉ်တွေ ကြေညာသွားဖို့ ရှိပါတယ်။ အောက်တိုဘာလအတွင်းမှာ ကျင်းပမယ့် ပွဲကောင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တွစ်တာ စာမျက်နှာက တစ်ဆင့် ပွဲစဉ်တချို့ ပေါက်ကြားမှု ရှိခဲ့ပါတယ်။ အောက်တိုဘာမှာ ကျင်းပမယ့် ပွဲစဉ်မှာ အောင်လအန်ဆန် က မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်ပါလိမ့်မယ်။ အောင်လရဲ့ မစ်ဒယ်ဝိတ်ခါးပတ် ကို အရင်က စိန်ခေါ်ထားတဲ့ နယ်သာလန်နိုင်ငံသားဒီရစ်ဒါနဲ့ ဖြစ်ပါတယ်ဟု One ၏ အမှုဆောင်  အရာရှိချုပ်ချာထရီက  ပြောကြားခဲ့သည်။

စိန်ခေါ်သူ အသက် (၂၉) နှစ်အရွယ် ဒီရစ်ဒါသည် MMA ပြိုင်ပွဲ တစ်လျှောက် ၁၂ ပွဲကစား၊ ၁၂ ပွဲစလုံးအနိုင်ရကာ ရှုံးပွဲမရှိ စံချိန်တင်ထားသည်။ 

အသက် (၃၄) နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၆ ပွဲ ယှဉ် ပြိုင်ရာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့် ထားသည်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် လက်ရှိ တွင် MMA (One Championship) လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သည်။ 7daynews