တစ်ဦးတစ်ယောက်တည်းကောင်း၍ တိုင်းပြည်တိုးတက်မည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော

ကျောက်ပန်းတောင်း စက်တင်ဘာ ၈
တစ်ဦးတစ်ယောက်တည်းကောင်း၍ တိုင်းပြည်တိုးတက်မည်မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကပြောကြားလိုက်သည်။
စက်တင်ဘာ ၇ ရက် ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာသစ်ကျေးရွာမှ ပြည်သူလူထုနှင့်တွေ့ဆုံရာတွင် ဦးလှထွန်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ယောက်တည်းကောင်းလို့မရဘူး။ကျွန်တော်တို့က ဘုရင်အုပ်ချုပ်တဲ့စနစ်မဟုတ်တော့ဘူး။ အများစုပေါင်းပြီးလုပ်ရမှာဖြစ်တယ်။ ဒါမှသာတိုးတက်မှာ” ဟု ဦးလှထွန်းကပြောကြားလိုက်သည်။
ထို့ပြင် ပြည်သူလူထုများအနေဖြင့်လည်း ခေါင်းဆောင်ရွေးချယ်ရာတွင် အရွေးမမှားကြရန်၊ မှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
“ပြည်သူတွေကလည်း တိုင်းပြည်ကို ဦးဆောင်တဲ့သူကိုရွေးချယ်မယ်ဆိုရင် မှန်မှန်ကန်ကန်နဲ့ အရွေးမမှားကြဖို့လိုတယ်။ဒါမှသာ တိုးတက်ကောင်းမွန်မှာဖြစ်တယ်” ဟု ဦးလှထွန်းကပြောသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၂) ဦးဝင်မြင့်တို့မှ မဟာဓမ္မပါရာ မိကနဝရတ်ပရိယတ္တိကျောင်းတိုက် ဆရာတော်အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။