ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီက COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Face-Shield များ အခမဲ့ပေး

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Face-Shield များကို ယမန်နေ့ညနေ ၄ နာရီက (၂၅) ရပ်ကွက် စည်ပင်လမ်းပေါ်ရှိ ဂိတ်ဟောင်းဈေးအနီးဈေးသူဈေးသားများနှင့် ဈေးဝယ်ပြည်သူများလမ်းတွင် သွားလာနေကြသည့် ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးပြီး Face-Shield တပ်ဆင်သွားလာကြစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပြည်သူများ Face-Shield များ တပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရန်၊ မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်ကြရန် စသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ခဲ့ပြီး Face-Shield အခု ၅ဝဝကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး လူစည်ကားသော နေရာများတွင် ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို ဒဂုံတောင်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးထွန်းလွင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ မြို့နယ်လူငယ်ထု အဖွဲ့ဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များက လိုက်လံဝေမျှပေးခဲ့ ကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)