လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာတွင် ဒေသကို အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ပြောကြား

 

နေပြည်တော်၊ သြဂုတ် ၂၇

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာ၌ ဒေသကို အမှန်တကယ် အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံစဉ်တွင် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တကယ်တော့ ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်က ကိုယ့်ဒေသကို အကျိုးပြုတဲ့သူ ဖြစ်ရမယ်။ ပြည်သူတွေက သူတို့မလုပ်နိုင်တဲ့ အလုပ်ကို ကိုယ်စားပေးလိုက်တာဖြစ်တယ်။ ကိုယ့်ကိုစား ကိုယ်စားလှယ်ကို တာဝန်ပေး လိုက်တာ။ ကိုယ်စားလှယ်လုပ်ခိုင်းပြီး လိုအပ်တာတွေ လွှတ်တော်မှာ တင်ပြခိုင်းရမှာဖြစ်တယ်။ လူရွေးမှားလို့ မဖြစ်ဘူး။ တစ်ခါမှားရင် ငါးနှစ်ခံရမယ်။ နောက်ထပ်ငါးနှစ် ထပ်မမှားဖို့ သေချာစဉ်းစား ရွေးချယ်ရမယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

ထို့ပြင် မိမိအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရန် အစဉ်အမြဲကြိုးပမ်းနေပြီး မီးမရရှိသေးသည့် ကျေးရွာများကို မီးရရှိစေရန်နှင့် ရေလိုအပ်နေသည့် ကျေးရွာများကိုလည်း ရေအမြန်ရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် ကမ္ဘာ့နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာနိုင်ငံသို့ ဒုတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့နေပြီး ဒေသခံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ကြရန်လည်း အသိပေးပြောကြားခဲ့သည်။