တပ်မတော်၊ရဲ ၊ နိုင်ငံရေးပါတီတချို့ အပါအဝင် အစိုးရ အားနည်းချက် ဝေဖန်သည့် Facebook Account များ ပိတ်သိမ်းမှု သမ္မတရုံး၏ SMMT အဖွဲ့ နှင့် Facebook ကို ကြံ့ခိုင်ရေးပါတီက အဆိုတင် မေးခွန်းထုတ်

 

ရန်ကုန်၊ ဩဂုတ် ၂၅

တပ်မတော်၊ ပြည်သူရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီတချို့၏ Facebook Account များ ၊ အစိုးရအားနည်းချက်ကို ဝေဖန်သည့် ပြည်သူများ၏ Facebook Account များ ပိတ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတစ်ရပ် တင်သွင်း၍ မေးခွန်းထုတ်လိုက်သည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က “နိုင်ငံတော် သမ္မတ၏ အထူးရန်ပုံငွေဖြင့် ထူထောင်ထားသည့် လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေး အဖွဲ့ SMMT နှင့် Facebook Team တို့၏ ဆောင်ရွက်မှုသည် လူမှုကွန်ရက်များ အသုံးပြုသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအပေါ် မျှတမှုမရှိခြင်းကြောင့် လူမှုကွန်ရက်တွင် မကျေနပ်မှု အမုန်းစကားများ တိုးပွားလာပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးတို့ကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် SMMT နှင့် Facebook Team တို့က မည်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများဖြင့် မည်သို့ အရေးယူဆောင်ရွက်နေသည်ကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပြီး တရားမဲ့မှုများမဖြစ်အောင် အချိန်မီထိန်းကျောင်းဆောင်ရွက် နိုင်ရန် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

“တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီအချို့ရဲ့ အကောင့်တွေ၊ အစိုးရရဲ့ အားနည်းချက်ကို ဝေဖန် ထောက်ပြတဲ့ ပြည်သူတွေရဲ့ အကောင့်တွေကို ပိတ်သိမ်းနေတာတွေ့မြင်ရပြီး ဘာသာတရားကို စော်ကားပုတ်ခတ် မှုတွေ ၊ လူပုဂ္ဂိုလ်နဲ့ နိုင်ငံရေးပါတီတချို့ကို အကြောင်းမဲ့ သတင်းအမှားများနဲ့ လုပ်ကြံဖန်တီး တိုက်ခိုက်မှုတွေ၊ အဆင့်အတန်းနိမ့်ပါးတဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ရုပ်ပုံတွေနဲ့ အသုံးပြုတိုက်ခိုက်မှုတွေကိုတော့ Report တင်သော်လည်း ဂရုမစိုက် ပိတ်သိမ်းမဖြုတ်ချဘဲ ခွင့်ပြုနေတာတွေ့ရပါတယ်” ဟု ဦးသောင်းအေး ဆိုသည်။ NLD အစိုးရလက်ထက် Facebook နှင့် အခြားဆိုရှယ်မီဒီယာများကို စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ် နိုင်ရေးအတွက် SMMT Social Media Monitoring Team SSMT ကို ၂၃-၈-၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၇) က သဘောတူခွင့်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက ၇-၂-၂၀၁၈ ရက်နေ့တွင် SSMT အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့ လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူရန် ကျပ် ၆၄၂၆ သန်းကို နိုင်ငံတော်သမ္မတအထူးရန်ပုံငွေမှ သုံးစွဲခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသည့် SMMT သည် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့သည် လူငယ်လူရွယ် များအတွက် အကျင့်စာရိတ္တပျက်ပြား စေတတ်သော ဆိုရှယ်မီဒီယာများအား ထိန်းကျောင်းနိုင်မှု၊ မြန်မာ့ယဉ်ကျေးမှု နှင့် ဆန့်ကျင်သည့် မီဒီယာသတင်းဖြန့်ဝေခြင်းများ ပိတ်သိမ်းနိုင်မှု၊ တစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဆင့် အတန်းနိမ့်ကျသော စကားလုံးများနှင့်​ ပြောဆိုတိုက်ခိုက်ထိုးနှက်မှုများ လျော့သွားမှု၊ အမုန်းစကားများ လျော့ပါး သွားမှုနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်နိုင်မှု အစရှိသည်တို့ကို မည်မျှဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်ရန် လိုအပ်ကြောင်း ဦးသောင်းအေးက ထောက်ပြ ပြောဆိုသည်။  ယင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုပြုလုပ်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။