ဝင်ငွေအများဆုံး စာရင်းမှာ အိုဆာကာ ဦးဆောင်

ဖော်ဘတ်စ် မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဝင်ငွေအများဆုံး အားကစားမယ်စာရင်းမှာ ဂျပန်တင်းနစ်မယ် အိုဆာကာက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။(၂၀၁၈) ပြင်သစ်အိုးပင်းနဲ့  (၂၀၁၉) ဩစတြေးလျအိုးပင်း ချန်ပီယံဆု ရှင်ဖြစ်ခဲ့တဲ့ အိုဆာကာက ဝင်ငွေစုစုပေါင်း ဒေါ်လာ (၃၇ ဒဿမ ၄)သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၁)မှာ ရပ်တည်နိုင်ခဲ့ဖူးတဲ့ အသက် (၂၂)နှစ်အရွယ် အိုဆာကာဟာ လက်ရှိမှာတော့ ကမ္ဘာ့အဆင့် (၁၀)နေရာမှာ ရပ်တည်နေပါတယ်။ ဝင်ငွေအများဆုံး ဒုတိယနေရာမှာတော့ အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံက ရပ်တည်နေပါတယ်။ ဝီလျံကတော့ ဝင်ငွေ ဒေါ်လာ (၃၆)သန်းရရှိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ် အက်ရှ်လေဘာတီက ဒေါ်လာ (၁၃ ဒဿမ ၁)သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ဝီလျံနဲ့ ဘာတီတို့အကြား ဝင်ငွေကွာဟချက် ကြီးမားလွန်းတာ တွေ့ရပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီးအားကစားမယ် ထိပ်ဆုံး (၁၀)ယောက် စာရင်းမှာ (၁)ကနေ(၉)အထိက တင်းနစ်မယ်တွေ ဖြစ်ကြပါတယ်။ one news