ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့၍ လီဗာပူးအသင်းဆုကြေးပေါင် ၁၇၅ သန်းရရှိ

လီဗာပူးအသင်းသည် ယခု ဘောလုံးရာသီတွင်ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ခြင်းအတွက် ဆုကြေး  ပေါင် ၁၇၅ သန်း ရရှိမည်ဖြစ်သည်။ လီဗာပူးသည်ပရီးမီးယားလိဂ် ချန်ပီယံဆုအား ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ကာ ဒုတိယနေရာမှ  မန်စီးတီးအသင်းအား ၁၈မှတ်အထိ အသာရအောင်စွမ်းဆောင်နိုင်ခဲ့သည်။ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ် က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကြောင့် စိုးရိမ်မှုတချို့ဖြစ်ပေါ်ခဲ့သော်လည်း ရည်မှန်းထားသည့်အတိုင်း ဖြစ်အောင်စွမ်းဆောင် နိုင်ခဲ့၍ ကျေနပ်မိကြောင်းပြောသည်။ သို့သော် လီဗာပူးအသင်းအပါအဝင် ပရီးမီးယားလိဂ် အသင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကြောင့် ပွဲစဉ်များကိုရွှေ့ဆိုင်း ခြင်းနှင့်ရုပ်/ သံ မထုတ်လွှင့်နိုင်ခြင်းများ ကြုံတွေ့ခဲ့၍ ရုပ်/သံကုမ္ပဏီ များထံမှရရှိမည့် ရုပ်/သံလွှင့်ခများ ထဲမှ ပမာဏတစ်ခု လျှော့ချမည်ကို သဘောတူညီခဲ့ရသည်။

လာမည့် ဘောလုံးရာသီတွင်လည်း ရုပ်/သံ ထုတ်လွှင့်မှုများ အပြောင်းအလဲဖြစ်မည်ဆိုပါက ပရီးမီးယားလိဂ်အသင်းများအနေဖြင့် ရုပ်/သံထုတ်လွှင့်ခ များမှ ရရှိမည့် ဝင်ငွေများကို လျှော့ချပေးရမည်ဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် ရုပ်/သံထုတ်လွှင့်ခ အများဆုံးရရှိနေသည့် ပြိုင်ပွဲဖြစ်သောကြောင့် ပရီးမီးယားလိဂ်အသင်းများသည်လည်း ရုပ်/သံထုတ်လွှင့်ခ အများဆုံး ရရှိနေသည့် အသင်းများဖြစ်နေ သည်။   Ref; BBC