ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၁ဝ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ကြီးများထံသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထိုသို့ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ကို အမှတ် (၄၆) ရပ်ကွက် အောင်ဓမ္မရိပ်သာ ကျောင်းတိုက်၊ (၅၁) ရပ်ကွက် ပညာရာမ ပရိယတ္တိ စာသင်တိုက်၊ (၄၂) ရပ်ကွက်ရှိ လယ်တီဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ (၄၈) ရပ်ကွက် ပန်းလှိုင်မဟာစည်ရိပ်သာနှင့် စိန်စည်မဟာစည်ရိပ်သာ ကျောင်းတိုက်များရှိ ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ကြီးများထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများထံမှ သြဝါဒကထာခံယူနာကြားကာ ရေစက်သွန်းချ အမျှအတန်းပေးဝေ ခဲ့ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်းနှင့် အလှူတော် ငွေများဆက်ကပ် လှူဒါန်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၊ ပါတီအတွင်းရေးမှူး ဦးကျော်ထင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဒေါ်ဝင်းဝင်းအောင်၊ ဒေါက်တာရွှေပြည်စိုးနှင့် အမှတ် (၅၁) ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးတင်ဆန်းအောင် တို့က သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ဆန်းအောင်(မ/ဒဂုံ)