အသင်းနှင့်အတူအောင်ပွဲခံပါတီကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရန် ပရိသတ်များကို ဂျာဂင်ကလော့ပ် ပြော

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က Social Distancing စည်းမျဉ်းရုပ်သိမ်းချိန်တွင် အသင်းနှင့်အတူ အောင်ပွဲခံပါတီပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရန် အသင်းပရိသတ်များအား အသိပေး ပြောကြားလိုက်သည်။ လီဗာပူးအသင်းမှာ အမှတ်ပေးချန်ပီယံဆုကို နှစ်ပေါင်း ၃၀ ကြာအောင် စောင့်ဆိုင်းခဲ့ရပြီးနောက် ချဲလ်ဆီးကို ၅-၃ ဖြင့်အနိုင်ရခဲ့သည့် အိမ်ကွင်းပွဲစဉ်အပြီးတွင် ချန်ပီယံဆုဖလားကို ရရှိသွားခဲ့သည်။ သို့သော်လည်း အန်ဖီးလ်တွင် အသင်းပရိသတ်မပါပဲ ဆုဖလားကို လက်ခံရယူခဲ့ရသည်။ အသင်းပရိသတ်များမှာ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကြောင့် Social Distancing စည်းမျဉ်းအရ အသင်းနှင့်အတူ ပူးပေါင်းပါဝင်ခွင့်မရဖြစ်ခဲ့ရသည်။ နည်းပြဂျာဂင်ကလော့ပ်မှာ အဆိုပါဖြစ်ရပ်အပေါ်တွင် အားမလိုအားမရဖြစ်နေပြီး အသင်းပရိသတ်များနှင့်အတူ အန်ဖီးလ်တွင် အောင်ပွဲခံပါတီကျင်းပရန်ဆန္ဒရှိနေသည်။ ဂျာဂင်ကလော့ပ်က ကျွန်တော်တို့ အလုံးစုံအောင်ပွဲခံသင့်တယ်။ အခုချိန်မှာလည်း သောက်ချင်တာကို အမူးသောက်ပစ်လိုက်။ ဒါပေမယ့် အရေးမပါတဲ့ စည်းမျဉ်းကြီး ပျက်ပြယ်သွားရင်တော့ အောင်ပွဲခံပါတီကျင်းပဖို့ ပြင်ဆင်ထားရလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် ကျွန်တော်တို့ အတူတကွအောင်ပွဲခံကြတယ်။ အဲ့ဒီအတွက် အဆင်သင့်ဖြစ်အောင် သေသေချာချာလုပ်ထားပါ ဟု ပြောသွားခဲ့သည်။  -Ref: Skynetsports