ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ် အတွင်းရှိ ဆရာတော်များထံ အလှူငွေနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် စာသင်ကျောင်းများသို့ Mask များ လှူဒါန်း

 

ဖာပွန် ဇူလိုင် ၂ဝ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် ပါတီဝင်များလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်းရှိ ဆရာတော်များထံ အလှူငွေနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း၍ စာသင်ကျောင်းများနှင့် နယ်မြေခံရဲစခန်းသို့ Mask များ လှူဒါန်းခဲ့ပြီး ရပ်ကျေး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ဖာပွန်မြို့ရှိ အထက (၁) အခြေခံပညာအထက် တန်းကျောင်းအတွက် အခု ၇ဝဝ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက်ပြည်နယ် ပါတီဥက္ကဋ္ဌသည် အနောက်ဘက်ကမ်းကျေးရွာ ဆရာတော်၊ မဲသလွတ်ကျေး ရွာဆရာတော်၊ ဝေဠုဝန်ဘုန်းကြီး ကျောင်းဆရာတော်၊ ငါးအိမ်စု ဆရာတော်နှင့် ဇာမိဆရာတော်တို့ အား ဖူးမြော်၍ အလှူငွေနှင့် ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ သည်။

ဆက်လက်ပြီး ဖာပွန်အခြေချ စစ်ဗျူဟာမှူးကြီးနှင့် တွေ့ဆုံခဲ့ပြီး ကူးဆိပ်ကျေးရွာ အထကခွဲစာသင်ကျောင်း အတွက် Mask အခု ၃ဝဝ၊ ရဲစခန်းအတွက် Mask အခု ၃ဝဝ အားပေးအပ်လှူဒါန်းခဲ့ပြီး ကူးဆိပ်ကျေးရွာ စက်ရေတွင်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်းလွဲ ၂နာရီခွဲတွင် ကမမောင်းမြို့ရှိ ကိုးနဝင်းဆရာတော်အား ဖူးမြော်၍ အလှူငွေနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် ကမမောင်းမြို့ ပါတီရုံးတွင် ပါတီတာဝန်ရှိသူများ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင် များနှင့် ၂ဝ၂ဝ ရွေးကောက်ပွဲအောင် နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်