နမ့်စန်တွင် ပြည်ခိုင်ဖြိုးပါတီက အခြေခံပညာကျောင်းများသို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အပံ့ ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက အခြေခံပညာအလယ်တန်းနှင့်  အထက်တန်းအဆင့်ကျောင်းများသို့ COVID-19 ရောဂါကာ ကွယ်ရေးအထောက်အပံ့ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်း၊ ပါတီအတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့်နွယ်နှင့် ပါတီမှ တာဝန်ရှိသူများက အထက (မိုင်းစိတ်)၊ အထက (ဟိုက်ဖတ်)၊ အထက-ခွဲ(မြို့ဦး)၊ အထက-ခွဲ (၅-ရပ်ကွက်)၊ အထက-ခွဲ (လေတပ်)နှင့် အထက-ခွဲ (လွယ်ယင်း) ကျောင်းများသို့ သွားရောက်၍ ကိုယ်အပူချိန်တိုင်း ကိရိယာတစ်ခု၊ လက်ဆေးဆပ်ပြာ(ကာဘော်လစ်) အတောင့်၂ဝ၊ တစ်ခါသုံးနှာခေါင်း စည်း(Mask)အခု ၃ဝဝစီနှင့် လက်ဆေးစင်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

နမ့်စန်တွင် အခြေခံပညာ အလယ်တန်းနှင့်  အထက်တန်း အဆင့်ကျောင်း ၂၁ကျောင်းရှိပြီး အဆိုပါကျောင်းများ သို့လည်း COVID-19 ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းထံက သိရသည်။   

သူရအောင်(နမ့်စန်)