ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးစောမြင့်ဝင်းအောင်၊ ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန္ဒာဦး၊ ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယနေ့ နံနက် ၇ နာရီက ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး(ငြိမ်း)မြင့်သောင်း ဦးဆောင်၍ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ၇ဝ၊ တရုတ်လှကျေးရွာ အထက်တန်း ကျောင်းမှ ဆရာ ဆရာမ ၁ဝ ဦး၊ နယ်မြေခံတဆရ (၂/၁ဝဝ)မှ တပ်မတော်သားနှစ်ဦး စုပေါင်း၍ ဘားအံမြို့နယ် တရုတ်လှ စံပြကျေးရွာအထက်တန်းကျောင်းတွင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းပေးခြင်း၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးစောမြင့်ဝင်းအောင်က တရုတ်လှကျေးရွာ အထက်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်ငွေကြည်အား အလှူငွေကျပ်သုံးသောင်း ပေးအပ်ခဲ့ပြီး နံနက် ၁ဝနာရီတွင် စုပေါင်းလှုပ်ရှားဆောင်ရွက်မှုပြီးဆုံးခဲ့သည်။