ဇွန်လအတွက် အကောင်းဆုံးဆု(၂)ဆုကို ဖာနန်ဒက်စ် ရရှိ

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဇွန်လအတွက် အကောင်းဆုံးဆုတွေကို ထုတ်ပြန်ကြေညာခဲ့ရာမှာ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဆု(၂)ဆု ရခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဇွန်လအတွက် အကောင်းဆုံးကစားသမားဆု နဲ့ အကောင်းဆုံးသွင်းဂိုးဆု တို့ကို ရရှိခဲ့တာပါ။

ဇန်နဝါရီအပြောင်းအရွှေ့မှာမှ ရောက်လာခဲ့တဲ့ ဖာနန်ဒက်စ်အနေနဲ့ မန်ယူအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲကစားပြီး (၈)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်စချိန်ကစလို့ မန်ယူအတွက် (၅)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးပေးနိုင်ခဲ့ရာမှာ ဇွန်လအတွက် (၃)ဂိုး ပါဝင်ခဲ့တာပါ။

ဒါကြောင့် အကောင်းဆုံးဆုကို ရရှိခဲ့တာဖြစ်သလို ဇွန်လ(၃၀)ရက်က ဘရိုက်တန်ကို (၃)ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ဂိုးကလည်း ဇွန်လအတွက် အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အကောင်းဆုံးဆုရခဲ့လို့ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို (၂)ကြိမ်မြောက် ရခဲ့တာပါ။

ဇွန်လအတွက် အကောင်းဆုံးနည်းပြဆုကိုတော့ (၃)ပွဲဆက်နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဝူလ်ဗာဟမ်တန်အသင်းနည်းပြ နူနိုဆန်တို က ရရှိခဲ့ပါတယ်။