ကံမမြို့ ယွန်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ထံသို့ အလှူငွေကျပ် ၁ဝ သိန်း လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုတို့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့ယွန်းကျောင်းပရိယတ္တိစာသင်တိုက် အောင်တေဇမုနိကုန်းတော် ပေါ်ရှိ ဆုတောင်းပြည့်စေတီတော်ရင်ပြင် တိုးချဲ့ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဂြိုဟ်တိုင်ဘုရားများ ပြုပြင်ခြင်းများ အတွက် လှူဒါန်းငွေကျပ် ၁ဝ သိန်းကို ယွန်းကျောင်း ဆရာတော်ထံ လှူဒါန်းခဲ့သည်။ ယမန်နေ့ကလည်း ပါတီဗဟိုအတွင်းရေးမှူးသည် မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်ဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်ရွှေနှင့် အဖွဲ့တို့ လိုက်ပါလျက် အင်ဘက်တော၊ ပုထိုး၊ ညောင်တန်း၊ ဂုန်းသောင်ပြည်တော်သာ၊ အင်းဘဲ၊ ထောက်ရှာခုံ ကျွန်းကလေးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် မင်းတဲ အုတ်ပုံ၊ ပုဇင်းနိမ့်၊ တောင်တီးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။