သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းအမြင့်ဆုံးဒေသများထဲတွင် တိုင်းဒေသကြီး လေးခုပါဝင်နေ

မြန်မာနိုင်ငံအတွင်းရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဒေသများထဲတွင် တိုင်းဒေသကြီး လေးခု ပါဝင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတားဆီးရေးနှင့် ထိန်းချုပ်ရေး အစီအစဉ် အရအတည်ပြုနိုင်ခဲ့သည့် မှတ်တမ်းများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများသည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဒေသများထဲတွင် ပါဝင်နေကြောင်း ဖော်ပြသည်။ ထို့အပြင်  မွန်ပြည်နယ်သည် ပြည်နယ်များထဲတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းအမြင့်ဆုံးပြည်နယ် အဖြစ် ရပ်တည်လျက်ရှိသည်။  ယမန်နှစ်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၃ဝဝဝ ရှိခဲ့ပြီး သေဆုံးသူ ၁ဝဝ ရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ မေလ အတွင်း တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၄ဝ၈ ဦးရှိခဲ့ပြီး ၁၁ ဦးသေဆုံး ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အတည်ပြုထားသည်။ ခြင်မှတစ်ဆင့်ကူးစက်သည့် ရောဂါဖြစ်သော သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာ နိုင်ငံအတွင်း၌ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးသို့ရောက်ရှိလေ့ရှိသည် ဟုလည်း အတည်ပြုထားသည်။