ပီအက်စ်ဂျီနဲ့ တူးလော့စ်အသင်းသားတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ

ပြင်သစ်လီဂူးဝမ်းကလပ်တွေဖြစ်တဲ့ ပီအက်စ်ဂျီ နဲ့ တူးလော့စ်တို့ဟာ သူတို့အသင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ အင်္ဂါနေ့က အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဒီရာသီ ပြင်သစ်လီဂူးဝမ်း လက်ကျန်ပွဲစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး ထိပ်ဆုံးက ပီအက်စ်ဂျီအသင်းကို ချန်ပီယံအဖြစ် ကြေညာခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်းဖလား ဖိုင်နယ်ပွဲစဉ်(၂)ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် ကစားသမားတွေ အသင်းကို ပြန်လည်ပူးပေါင်းချိန် ကစားသမား(၃)ဦးနဲ့ ဝန်ထမ်း(၁)ဦး တို့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ လီဂူးဝမ်း အပြီးသတ်ချိန်မှာ အောက်ဆုံးက အဆင့်(၂၀)မှာသာ ရပ်တည်ခဲ့ရလို့ တန်းဆင်းခဲ့ရတဲ့ တူးလော့စ်အသင်းမှာတော့ လေ့ကျင့်မှုတွေ ပြန်လုပ်ချိန်မှာ ကစားသမား(၄)ဦး ဗိုင်းရပ်စ်ပိုး တွေ့ခဲ့တာပါ။

ပိုးတွေ့ရှိသူတွေရဲ့နာမည်ကို (၂)သင်းစလုံးက ထုတ်ဖော်ပြောဆိုတာ မရှိသလို သီးခြားခွဲထားပြီး လိုအပ်တဲ့ကုသမှုတွေ လုပ်ဆောင်နေကြောင်း နဲ့ ကျန်ရှိတဲ့ကစားသမားတွေကို ထပ်မံဆေးစစ်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။  one news