ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်အား သွားရောက် ဂါရဝပြု

 

ရန်ကုန် ဇွန် ၂၃ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်ထံသို့ သွားရောက်ဂါရဝပြု ကန်တော့ကာ ဆန်၊ ဆီ၊ ပဲ တို့ကို လှူဒါန်းခဲ့သည်။

ထိုသို့တွေ့ဆုံဂါရဝပြုရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အတူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ ဦး ညီညီထွန်းလွင်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးတို့ လိုက်ပါခဲ့ကြ သည်။

ထိုသို့ ဂါရဝပြု သွားရောက်တွေ့ဆုံရာတွင် ရုပ်ရှင်တစ်သက်တာဆုရ စည်သူဗိုလ်ကလေးတင့်အောင်က” ခေါင်းဆောင်ကောင်းလိုတယ်။ မင်းတို့ဂရုစိုက်ကြပါ လူငယ်တွေအကုန်လုံးက ဝိုင်းဝန်းကြရင် ဖြစ်ပါတယ်ကွာ။ တကယ်ကို စေတနာသန့်သန့်နဲ့ ခေါင်းဆောင်ကောင်းတွေ တို့ကိုပေးပါတယ်။ တို့လူမျိုးတွေက မယဉ်ကျေးဘူး သတ်ပစ်လိုက်ကြတယ်။ ဘယ်လောက်ဝမ်းနည်း စရာကောင်းသလဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းပြည်ကို နစ်နစ်နာနာခံပြီးတော့ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေ နှမြောစရာ တကယ်ကောင်းပါတယ်။ ခေါင်းဆောင်ကောင်းလိုတယ်။ ဖြေရှင်းရရင် ခေါင်းဆောင်ကောင်းရှိမှ နောက်လိုက်ကောင်းဆိုတာရှိလာတယ်။ ခေါင်းဆောင် ကောင်းကစပြီးတော့ မဟားတရားလုပ် နေရင်သွားရော။ တိုင်းပြည်က ဘယ်တော့မှ နာလန်ထူမှာမဟုတ်တော့ဘူး။ နေ့စဉ်နေ့စဉ်မှာ ဒါပဲစဉ်းစားပြီးတော့ ဝမ်းနည်းရတယ်။

နှစ်တစ်ရာဆိုတာ တကယ်ခဲယဉ်းတယ်။ အဲဒီလိုပွဲမျိုးကို တို့အစည်းအရုံးက ကျကျနန ခံ့ခံ့ညားညား လုပ်နိုင်ရမယ်။ အဲဒါကို အထူးဂရုစိုက်ပါ။ တိုင်ပင်စရာ လေးတွေငါတို့မှာရှိတယ်။ ဥပမာဇာတ်ရုံ တွေဆိုရင် အတော်လေးကို အားနည်းတယ်။ အဲဒီတော့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးတွေမှာ ပင်တိုင်ဇာတ်ရုံ ဆောက်ဖို့လိုတယ်။ ဇာတ်သဘင် ပြဇာတ် အဲဒါတွေအားလျော့နေတာက ဇာတ်ရုံပဲ။ ရုပ်ရှင်ရုံရှိသလို ဇာတ်ရုံ မရှိဘူး။ အဲဒီတော့များများ မဟုတ်ပါဘူး။ ရန်ကုန်မှာ၊မန္တလေးမှာ၊ နေပြည်တော်မှာ အဲဒီသုံးခုလောက်တော့ လုပ်စေချင်တယ်။ အဲဒီတော့ကာ ဖျော်ဖြေရေး လုပ်ငန်းတိုးတက်ကြီးပွား လာဖို့အားလုံး ကဆောင်ရွက်ရမှာပဲ”ဟု ပြောသည်။

စည်သူဗိုလ်ကလေးတင့်အောင်သည် ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်း ရေးဆရာတစ်ဦး ဖြစ်သည်။ အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရ သူဖြစ်သည်။ ကိုနေ၊ စောကျော်ဝင်း