ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအမိန့်ကို သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုး

ဝါရှင်တန်- ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး အများအပြား လုပ်ဆောင်မည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က လက်မှတ်ရေးထိုးခဲ့ပြီး ရဲတပ်ဖွဲ့ ရန်ပုံငွေလျှော့ချရေးကို ၎င်းက ပယ်ချခဲ့သည်။

ရဲအရာရှိများ၏ အခွင့်အရေးချိုးဖောက်မှုများကို ခြေရာခံသည့် အချက်အလက်စင်တာတစ်ခု ထူထောင်ရေး အပါအဝင် ရဲတပ်ဖွဲ့၏ အလေ့အကျင့်များ တိုးတက်လာစေရေး ဖက်ဒရယ်ချီးမြှင့်ငွေများ ချေပေးရန် ၎င်း၏ အမိန့်တွင် ဖော်ပြထားသည်။

အာဖရိကနွယ်ဖွား အမေရိကန်များကို ရဲတပ်ဖွဲ့၏ သတ်ဖြတ်မှုများအပေါ် ဒေါသထွက်နေကြစဉ် ဒေါ်နယ်ထရန့်၏ အမိန့် ထွက်ပေါ်လာခြင်းဖြစ်ကာ အမေရိကန်မှ လူမျိုးရေးခွဲခြားမှုအကြောင်း ငြင်းခုံမှုနှင့်ပတ်သက်၍ ထရန့်က မှတ်ချက် မပေးခဲ့ပေ။ အမေရိကန် မြို့ကြီးအများအပြားကမူ ပိုမို၍ ထိရောက်သော ပြုပြင်ပြောင်းလဲမှုများအတွက် ဆိုပြုထားသည်။

အိမ်ဖြူတော်မှ စကားပြောရာတွင် ဒေါ်နယ်ထရန့်က မိမိအနေဖြင့် မိသားစုဝင်များ ဆုံးရှုံးသွားသော အာဖရိက နွယ်ဖွား အမေရိကန် မိသားစုအများအပြား နှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားသည်။

သို့ရာတွင် ရဲတပ်ဖွဲ့ဝင်များ ခြံရံလျက် စကားပြောချိန်တွင်မူ ယင်းမိသားစုဝင်များ ပါဝင်ခြင်း မရှိပေ။

၎င်း၏ မိန့်ခွန်းတွင် သမ္မတ က ရဲတပ်ဖွဲ့အား ကာကွယ်ပြောဆိုပြီး လုယက်ဖျက်ဆီးသူများနှင့် မင်းမဲ့စရိုက် အပြုအမူများကို ရှုတ်ချခဲ့သည်။

ပြီးခဲ့သည့်လက ရဲတပ်ဖွဲ့က ထိန်းသိမ်းနေစဉ် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျော့ခ်ျ ဖလွိုက် သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲရန် တွန်းအားပေးမှု ထွက်ပေါ်လာ ခြင်းဖြစ်သည်။

ဂျော့ခ်ျဖလွိုက်သည် ရဲအရာရှိ၏ ကိုးမိနစ်ကြာ ဖိထားသော ဒူးအောက်တွင် အသက်ပျောက်ခဲ့သည်။

ဒေါ်နယ်ထရန့်က ဂျော့ခ်ျ ဖလွိုက်သေဆုံးမှုကို ရှုတ်ချသော်လည်း ရဲတပ်ဖွဲ့အတွင်း လူမျိုးရေး ခွဲခြားမှု အမြစ်တွယ်နေသည်ဆိုသော ပြောဆိုမှုများကို ပယ်ချခဲ့ သည်။  Ref: BBC