ဒူးဒဏ်ရာကြောင့် ဒီနှစ်ကုန်အထိ ဖက်ဒဲရား နားရ

ဖို့ဘ်မဂ္ဂဇင်းရဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် ဖော်ပြခံခဲ့ရတဲ့ တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရားဟာ ၂၀၂၀ခုနှစ်ရဲ့ ရာသီလက်ကျန်ပွဲအားလုံးကို ဒဏ်ရာကြောင့် လွှဲချော်ရတော့မယ်လို့ သိရပါတယ်။ တင်းနစ်ပြိုင်ပွဲတွေမှာ ဂရန်းဆလမ်းချန်ပီယံဆုကို အကြိမ် ၂၀ အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဖက်ဒဲရားဟာ ဖေဖော်ဝါရီလက ဒူးဒဏ်ရာကို ခွဲစိပ်ကုသမှုခံခဲ့ရတဲ့အပြင် အခုနောက်တစ်ကြိမ် ထပ်မံခွဲစိပ်ခံခဲ့ရတာကြောင့် လက်ကျန်ပွဲအားလုံးကို လွှဲချော်ရတော့မှာဖြစ်ပါတယ်။ ဖက်ဒဲရား နောက်ဆုံး ကစားခဲ့တဲ့ပွဲကတော့ ဒီနှစ် ဇန်နဝါရီလကယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျအိုးပင်း အကြိုဗိုလ်လုပွဲဖြစ်ပြီး ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၃၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖက်ဒဲရားက ၂၀၂၁ခုနှစ် ပြိုင်ပွဲတွေမှာ အားလုံးနဲ့ပြန်တွေ့ဖို့ မျှော်လင့်ထားပါတယ်လို့ ပြောခဲ့ပါတယ်။ ဖက်ဒဲရားဟာ ၂၀၁၆ခုနှစ်ကလည်း ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲအများစုနဲ့ လွှဲခဲ့ရပေမယ့် ၂၀၁၇ခုနှစ်မှာတော့ သြစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်ဒန်အိုးပင်းတို့မှာ ဗိုလ်စွဲခဲ့တဲ့အထိ လက်စွမ်းပြန်ပြနိုင်ခဲ့ပါတယ်။ -Ref:Skysports