ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO သတ်မှတ်

နိုဗယ်ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှု့ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယနေ့ညပိုင်းတွင် သတ်မှတ်လိုက်ကြောင်း CNN သတင်းက ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချူပ် Tedros Adhanom Ghebreyesus က “အခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်ရဲ့ခြိမ်းခြောက်မှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ ကပ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လက်ရှိဆောင်ရွက်နေတဲ့ ရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေမှုများအပေါ်ပြောင်းလဲမှာ မဟုတ်သလို နိုင်ငံအလိုက်ရောဂါပျံ့နှံ့မှုကို ထိန်းချူပ်ဖို့ဆောင်ရွက်ရမယ့် ကိစ္စများကလည်း အပြောင်းအလဲရှိမှာမဟုတ်ပါဘူး” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာနိုင်ဖို့ သတ်မှတ်ချက်သီးခြားမရှိသော်လည်း အဓိကအခြေအနေ သုံးရပ်ဖြစ်သော လူသေဆုံးသည်အထိ ဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုး၊ ၎င်းဗိုင်းရပ်သည် လူလူချင်းကူးစက်နိုင်ခြင်းနှင့် ကမ္ဘာ အနှံ့အပြားတွင် ဖြစ်ပေါ်ခြင်းတို့အပေါ်တွင် မူတည်၍ ယခုကဲ့သို့ သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်သည်။