ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း (၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ (ဗဟို) ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

 

တောင်ကြီး မတ် ၈

(၇၁) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ (ဗဟို) ဂုဏ်ပြုညစာစားပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ယမန်နေ့ ညနေ ၆ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီမှ ပေးပို့သော ပအိုဝ်းအမျိုးသားနေ့ သဝဏ်လွှာအား ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဘဏ္ဍာရေးမှူး ဒေါ်ဝါဝါထွေးမှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီမှ ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေးအဖွဲ့သို့ လှူဒါန်းသော အလှူငွေကျပ် သိန်း ၂ဝ အား ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဇနီး၊ ဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပြည်သူ့စစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ပြည်ခိုင်ဖြိုးပါတီ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒုတိယဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပြည်ခိုင်ဖြိုးပါတီ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရေးမှူး ဦးခွန်သိန်းမောင်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်နှင့်ဇနီး၊ ပြည်နယ် ပါတီကော်မတီ ဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။