ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အိမ်မဲမြို့နယ် ရပ်ကျေးပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ ပြည်သူများနှင့် တွေ့ဆုံ

 

အိမ်မဲ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွား သင်တန်းအပတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီက ကျင်းပခဲ့ကြသည်။ အခမ်းအနားကို ဦးစွာနိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက မြို့နယ်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက အမှာစကား ပြောကြားရာတွင် မိမိတို့ ရပ်ကျေးပါတီခေါင်းဆောင်များ အနေဖြင့် ပြည်သူများအား စည်းရုံးကြရာတွင် ထိရောက်သော စွမ်းဆောင်မှု မျိုးဖြင့် မိမိတို့ပါတီ အောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြမည်ဖြစ်ပြီး ခေါင်းဆောင်များ အနေဖြင့် စဉ်းစားတွေးခေါ်ကြရာတွင် ခေါင်းဆောင်မှု၏ အတွေးအခေါ်ကို လိုက်မီအောင် စဉ်းစားကြရမည်ဖြစ်ကြောင်း၊ ပါတီ၏ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒများကို လိုက်နာ၍ ပြည်သူများအား စည်းရုံးဆောင်ရွက်ရန် မှာကြားလို ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး မြောင်းမြခရိုင် တာဝန်ခံ ဦးဝင်းကိုကိုက ပါတီအောင်နိုင်ရေးနှင့် ပတ်သက်သော အကြံပြုချက်များကို ချပြဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးပြုံးချို၊ မြောင်းမြခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်ဇော်လတ်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် အတွင်း ရေးမှူး ဦးဇွဲမာန်လွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီ ကော်မတီဝင်များ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပါတီဗဟိုအတွင်းရေးမှူးနှင့် ပါတီမှတာဝန်ရှိသူများ လိုက်ပါလျက် မွန်းလွဲ ၁ နာရီတွင် ပါရမီဒေါင့်ကျေးရွာရှိ မြို့နယ်အရန်ပါတီကော်မတီဝင် ဦးကြည်စိုး နေအိမ်တွင် ကျင်းပသော ကျေးလက်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌက ပါတီဗဟိုအတွင်းရေးမှူးနှင့် ပါတီမှတာဝန်ရှိသူများကို ကျေးရွာနေပြည်သူများနှင့် မိတ်ဆက်ပေးပြီး ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းက အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ ပါတီ၏ ပြည်သူ့အတွက် အာမခံချက်ကိုးချက်ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကိုက လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေများ၊ စစ်မှန်တဲ့အမျိုး သားရေးစိတ်ဓာတ်အပေါ် ပြည်ခိုင်ဖြိုး ပါတီ၏ ခံယူချက်တို့ကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများ က သိရှိလိုသော နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသားရေး ကိစ္စရပ်များကို မေးမြန်းခဲ့ ကြသည်။ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ဆက်စပ်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးလက်ဆွေးနွေးပွဲ အစီအစဉ်ကို မွန်းလွဲ ၂ နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သိရသည်၊၊ ကျော်သူရဦး(အိမ်မဲ)