ယူဂန်ဒါ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာ နှစ်နှစ်ဆက် ဗိုလ်စွဲ

ယူဂန်ဒါ နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် မောရစ်သျှ၊ မော်လ်ဒိုက်၊ အီရန်၊ ဆလိုဗက်ကီးယားနှင့် အိန္ဒိယ ကစားသမား တို့ကို ကျော်ဖြတ်၍ အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ဖေဖ်ာဝါရီ ၂၃ ရက်က ကျင်းပသည့် အဆိုပါ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ  ဗိုလ်လုပွဲတွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၁၂၃ ရှိ အိန္ဒိယ ကစားသမား Aakarshi Kashyap ကို ၂၁-၁၄၊ ၁၆-၂၁၊ ၂၁-၁၈ မှတ် နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ သက်ထားသူဇာသည် ပြီးခဲ့သည့် ၂၀၁၉ ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ရရှိဖူးသည့်အတွက် ယခုနှစ်တွင် နှစ်နှစ်ဆက်ချန်ပီယံ ဖြစ်လာခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲ ရှုံးထွက်ပထမအဆင့်တွင် မော်လ်ဒိုက် ကစားသမားကို နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် အီရန်ကစားသမားကို နှစ်ပွဲပြတ်၊  ကွာတားဖိုင်နယ်တွင် ဆလိုဗက်ကီးယား ကစားသမားကို နှစ်ပွဲ တစ်ပွဲ၊ အကြိုဗိုလ်လုပွဲတွင် မောရစ်သျှကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အာဖရိက ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၂၀ ယူဂန်ဒါ နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ 7days