မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တစ်ဦး၊ စောင့်ကြည့်လူနာ ၂၀ ရှိ

ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ တစ်ယောက်နဲ့ စောင့်ကြည့်လူနာ ၂၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စောင့်ကြည့်ကုသတဲ့နေရာထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့လည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့က ပြန်လာတဲ့ အမျိုးသမီး နှစ်ယောက် ဖျားနာတာ၊ ချောင်းဆိုးတာတွေ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အဲဒီအမျိုးသမီး နှစ်ယောက်နဲ့ အတူနေထိုင်တဲ့ မိသားစု နှစ်ယောက်လည်း ချောင်းဆိုးတာ၊ ဖျားနာတာ တွေ့ရှိခဲ့ရလို့ ဆေးရုံမှာ စောင့်ကြည့်ကုသနေတယ်လို့ ဆိုပါတယ်။

အဲဒီ လေးယောက်ရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေကို ယူပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြုထိုင်းနိုင်ငံက စစ်ဆေးခန်းကို ပို့မယ်လို့ သိရပါတယ်။

နောက်တစ်ယောက်က စင်ကာပူက ပြန်လာတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ရန်ကုန်မြို့နယ် မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ကုသပေးနေတုန်း မနေ့တုန်းက ကိုယ်အပူချိန်မြင့်တက်လာလို့ သီးသန့်ခန်းထားပြီး ကုသပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ဒီကနေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၀၁၆ ဦး ရှိလာပြီလို့ သိရပါတယ်။

RFA