ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူများအား ဆန်များလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း ရပ်ကွက်နှင့် ရှမ်းတဲကြီးရပ်ကွက်နေ ပြည်သူများကို မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီက ဆန်များလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန်များလှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ ပါတီအတွင်းရေးမှူး ဦးထွန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သက်ဆိုင်ရပ်ကွက်များမှ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့်လူငယ်ထု၊ အမျိုးသမီးထု အဖွဲ့ဝင်များက အလှူရှင် ဒေါက်တာခင်မောင်ထွန်းနှင့် ဇနီးဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မိသားစုကိုယ်စား သွားရောက် လှူဒါန်းပေး ခဲ့သည်။ ရပ်ကွက် တစ်ရပ်ကွက်လျှင် ဆန် ၁ဝ အိတ်နှုန်းဖြင့် ဆန်အိတ် ၂ဝ ပြည်သူများသို့ လှူဒါန်းပေးခဲ့သည်။

ဆက်လက်ပြီး ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများက ရှမ်းတဲကြီးရပ်ကွက် အတွင်းရှိ ဝေသန္တရာဘုန်းကြီး ကျောင်းတိုက်ရှိ ဆရာတော်နှင့် အကြင်နာအေးရိပ်-ပရဟိတရိပ်မွန် ဒေါ်ဖွားသီလရှင်သင် ပညာရေးကျောင်း မှဆရာလေးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ဇော်ရဲထွဋ်(ဒဂုံတောင်)