ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ လူငယ်နှင့်အနာဂတ်နိုင်ငံတော် လူငယ်တွေ့ဆုံပွဲသို့ တက်ရောက် အရင်လူလုပ်တာ ဆက်မလုပ်နဲ့ ဖျက်ဆိုရင် တိုင်းပြည်ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူးဟုဆို
ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည့် လူငယ်နှင့်အနာဂတ်နိုင်ငံတော် ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တက်ရောက်ခဲ့သည်။
အဆိုပါပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက ”အရင်လူလုပ်တာ ဆက်မလုပ်နဲ့ဖျက်ဆိုရင် တိုင်းပြည် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့်ပတ်သက်၍ ”ကျွန်တော်တို့ လက်ထက်မှာ မပြီးဘူး။ ဒီအစိုးရ ဆက်လုပ် နေတယ်။ ထောက်ခံတယ်။ လုပ်ရမယ်။ မှန်တယ် သူတို့လုပ်တာ။ ကျွန်တ်ာတို့လည်း လုပ်ခဲ့တယ်။ သူတို့လည်း ဆက်လုပ်မယ်။ အဲဒါဆိုရင် တိုင်းပြည်က အရမ်းတိုးတက် သွားလိမ့်မယ်။ ဒီကောင်တွေလုပ်ခဲ့တာ ဆက်မလုပ်နဲ့ ဖျက်ဆိုရင် တိုင်းပြည်က ဘယ်တော့မှမတိုးတက်တော့ဘူး။ တစ်ကနေ ပြန်စလိမ့်မယ်။ ကျွန်တော်တို့က (၁) ကနေ (၂ဝ-၃ဝ) လောက် ရောက်နေပြီ။ ဒီအစိုးရ ၂ဝ ကနေ ၅ဝ ၊ ၆ဝ ရောက်အောင်လုပ်ပေါ့။ နောက်အစိုးရ ကျရင်လည်း ၆ဝ ကနေ ၇ဝ၊ ၈ဝ ရအောင် လုပ်ပေါ့။ နောက်လာမယ့် အစိုးရဆိုရင်လည်း ၉ဝ၊ ၁ဝဝ ဖြစ်အောင်လုပ်ပေါ့။ ဒါဆိုရင် ဆိပ်ကြီးခနောင်တိုမြို့ကြီး အရမ်းတိုးတက်သွားပြီ”ဟု ၄င်းက ပြောသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူငယ်များက လက်ရှိဖြစ်ပေါ်နေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သော်လည်းကောင်း၊ ပညာရေးစနစ်နှင့် ပတ်သက်၍သော်လည်း ကောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများနှင့် ပတ်သက်၍သော်လည်းကောင်း၊ လျှပ်စစ်မီတာခ ဈေးမြင့်တက်မှုစသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည်။
ဆွေးနွေးမေးမြန်းမှုများနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်/ရပ်ကျေးပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူငယ်များ စုစုပေါင်း ၂ဝဝ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။