ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချောင်းဆုံမြို့နယ်ရှိ ရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

ချောင်းဆုံ၊ သြဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိကြပြီး ချောင်းဆုံမြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးဝင်းမှ မြို့နယ်ပါတီ၏ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တင်ပြပြီး တက်ရောက်လာကြသူများမှ နိုင်ငံတကာရေးရာကိစ္စများ၊ ရခိုင်ပြည်နယ်အရေးကိစ္စများ၊ ကလေးသူငယ် ဥပဒေများအပေါ် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီတို့မှ မေးမြန်းထားသည့် မေးခွန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်မှ နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ ပါတီဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်၊ ခရိုင် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ တက်ရောက်ကြသည်။