ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်ဌေး မုဒုံမြို့နယ်ရှိ ရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

မုဒုံ၊ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးရုံးသို့ ရောက်ရှိကြပြီး မုဒုံမြို့နယ် ပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ၊ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ပြည်နယ်အတွင်းရေးမှူး ဦးဝင်မော်ဦးမှ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းခံရသော ဒေသများသို့ ပါတီမှကူညီ ကယ်ဆယ်ရေးဆောင်ရွက် နေမှုများအား တင်ပြပြီး ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများမှ နိုင်ငံတကာရေးရာကိစ္စများ၊ ရခိုင်ပြည်နယ်အရေးကိစ္စများ၊ ကလေး သူငယ်ဥပဒေများအပေါ် သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီတို့မှ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်မှ နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက် လာကြသည့် ရပ်မိရပ်ဖများ ပါတီဝင်များအား ရင်းရင်းနှီးနှီ နှုတ်ဆက်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ တက်ရောက်ကြသည်။