ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့လှူဒါန်း

 

ကျိုက်မရော သြဂုတ် ၂၁

မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်အတွင်းရှိ ရေဘေးသင့်ဒေသခံ ပြည်သူများအား ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီမှ ပါတီတာဝန်ရှိသူများနှင့် သီဟသွေးလူငယ်များ၊ ပါတီအား ထောက်ခံသူ ပြည်သူများ စုပေါင်း၍ ရေဘေးသင့် ကျေးရွာများ အရောက် ထောက်ပံ့ကူညီ လှူဒါန်းခဲ့သည်။

အဆိုပါ ရေဘေးသင့်ကူညီ ရေးအဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် လူငယ်ရေးရာနှင့် အမျိုးသမီး ရေးရာ တာဝန်ခံ ဒေါ်ခင်ခင်ဝင်း၊ တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှု တာဝန်ခံ ကိုအောင်ညီညီစိုးနှင့် တွဲဖက်တာဝန်ခံ ကိုရန်နိုင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်ကော်မတီဝင်များ၊ ပဲခူးခရိုင်၊ တောင်ငူခရိုင် အတွင်းရှိ မြို့နယ်ပါတီကော် မတီဝင်များပါဝင်ခဲ့ပြီး ကျိုက်မရော မြို့နယ်အတွင်းရှိ ဘိန်းဗျောအောက်ရွာသို့ ရောက်ရှိကာ ဘိန်းဗျော ကျောင်းတိုက်ဆရာတော်အား လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား ဆန်၊ ဆီ၊ ရေသန့်ဘူး၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်များနှင့် အခြား စားသောက် ဖွယ်ရာများအား အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ပြီး ရေဘေးသင့် ပြည်သူများအား နှစ်သိမ့်အားပေး ခဲ့ကြောင်း သိရသည်။ ”ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးကိုယ်တိုင် ဟိုးယခင် ကတည်းက ပြောပြီးသားပါ။ သဘာဝဘေးနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ ပြည်သူအကျိုးစီးပွားနဲ့ ပတ်သက်ရင် အမိန့်ညွှန်ကြားချက် မလိုဘူး။ အချိန်နဲ့တစ်ပြေးညီ တတ်စွမ်းတာ လုပ်ရမယ်၊ ကူညီရမယ်ဆိုတာ ပြောပြီးသားပါ။ ကျွန်တော် ပြောချင်တာက ပြည်သူ့အကျိုး စီးပွား အတွက်ဆို အာဏာတွေ လုပ်ပိုင်ခွင့်တွေ မလိုပါဘူး။ လုပ်ချင်စိတ် ကူညီချင်စိတ်ရှိဖို့ပဲ လိုတာပါ။ နောင်ကိုလည်း ဆက်ကူညီ ပေးနေဦးမှာပဲ။ မည်သည့်နေရာ ဒေသမဆိုပေါ့လေ”ဟု တိုင်းဒေသကြီးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းခန့်ကျော်က ပြောသည်။. ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရေဘေးသင့်မွန်ပြည်နယ်၊ ကရင် ပြည်နယ်များသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော ပါတီတာဝန်ရှိ သူများကိုယ်တိုင် ကွင်းဆင်း၍ သဘာဝဘေးဒဏ်သင့် ပြည်သူများအား တွေ့ဆုံ၍ အားပေးနှစ်သိမ့်ခြင်း၊ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ ကူညီလှူဒါန်းခြင်းနှင့် မြန်မာပြည်၏ နေရာဒေသ အသီးသီးမှ ပါတီဝင်များကလည်း ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုနေကြောင်း သိရသည်။  ဖြိုးကိုလင်း