ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအား ဆန်များ ပေးအပ်လှူဒါန်း

 

တနင်္သာရီ သြဂုတ် ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း ခဲ့သော ဆန်များအား ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ပါတီတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက တနင်္သာရီမြို့နယ်ရှိ ဇဝဲကျေးအုပ်စု ဇဝဲကျေးရွာ၊ ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်တွင် သြဂုတ်လ လဆန်းပိုင်းမှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူနေအိမ် များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအဆောက်အအုံများ၊ အဆောင်များ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ရေကြီးနစ်မြုပ် အိမ်ထောင်စုများအတွက် ကျပ်သိန်း ပေါင်း ၈ဝ ခန့်ရှိသည့် ဆန်များကို လှူဒါန်းပေးခဲ့ရာ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုး၊ ကော်မတီဝင် ဦးသိန်းလွင်တို့သည် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် ကော်မတီဝင်များ၊ မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်နှင့် ကော်မတီဝင်များနှင့်အတူ လိုက်ပါပြီး ပါတီ ဌာနချုပ်ကိုယ်စား လာရောက်၍ ဇဝဲကျေးရွာ၊ ချောင်းငယ်ရပ်ကွက်နှင့်ချောင်းရှိ ရေကြီးနစ်မြုပ် ရေဘေးသင့် အိမ်ထောင်စုများကို ယာယီရေဘေးကယ်ဆယ်ရေး စခန်း၌တွေ့ဆုံ၍ အသီးသီးပေးအပ် လှူဒါန်းခဲ့ကြပြီး တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ်အဖွဲ့တို့နှင့်အတူ ချောင်းငယ်ရပ်ကွက်၊ ချောင်းကြီး ရပ်ကွက် စသည့် ရေကြီးနစ်မြုပ် လူနေအိမ်များသို့ သွားရောက်ကာ တစ်အိမ်တက်ဆင်းဆန်များ ပေးအပ်လှူဒါန်းပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၄င်းအဖွဲ့များသည် သဘာဝ ဘိုးဘွားရိပ်သာ၊ သာသနာ့ ဝုဍ္ဎိုပါလချောင်းကြီး ကျောင်းတိုက်နှင့်မြို့ဦး ပရိယတ္တိ စာသင်တိုက်သို့ ဆက်လက်သွားရောက်ကာ ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မများ ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ ကြောင်းနှင့် ဆက်လက်ပေးအပ်လှူဒါန်းရန် ကျန်ရှိသည့် ဆန်များကို တနင်္သာရီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်အား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။