တန်ကြေးအကြီးဆုံးကစားသမားအဖြစ် PSG တိုက်စစ်မှူး အမ်ဘပ်ပီ ရပ်တည်

CIES Football Observatory အဖွဲ့မှ နောက်ဆုံးထုတ်ပြန်လိုက်သော လက်ရှိတန်ကြေးအကြီးဆုံး ဘောလုံးသမားများထဲတွင် PSGအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘပ်ပီက တန်ကြေးအကြီးဆုံးကစား သမားအဖြစ် တန်ကြေး ပေါင်သန်း၂၃၀ဖြင့် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။

ထိုစာရင်းကို တွက်ချက်ရာ၌ အချက်အလက်ပေါင်း ၅၇ ချက်ဖြင့် တွက်ချက်ပြီး ထိုအချက်အလက်များထဲတွင် အသက်၊ လက်ရှိစာချုပ်၊ တစ်ပွဲပျမ်းမျှစွမ်းဆောင်ရည်၊ ဈေးကွက်ဖော်ဆောင်နိုင်မှု၊ ကစားခွင့်ရထားသည့် မိနစ်၊ နိုင်ငံအသင်းအတွက် အရေးပါမှုများလည်း ပါဝင်သည်။ ထိပ်သီး ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်ကစားသမား ခြောက်ဦး ပါဝင်နေပြီး လီဗာပူးတိုက်စစ်မှူး သုံးဦးဖြစ်သော ဆာလက်ခ်ျ၊ မာနေးနှင့် ဖာမင်နိုတို့လည်း ပါဝင်ခဲ့သည်။

ထူးခြားသည်မှာ နေမာနှင့် ပေါ့ဂ်ဘာသည် အဆင့် (၁၀) အတွင်းပင် မဝင်ဘဲ ပေါင် ၁၁၄ သန်းဖြင့် အဆင့် ၁၆၊ ၁၇ နေရာများတွင်သာ ရပ်တည်နိုင်သလို စီရိုနယ်ဒိုသည်လည်း တန်ကြေး ပေါင် ၁၀၈ သန်းဖြင့် အဆင့် ၂၀ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ဟာဇက်သည်လည်း အဆင့် ၁၀ အတွင်း မဝင်နိုင်ခဲ့ပေ။ Skysport