မြောက်ကိုရီးယား ဆိုက်ဘာထိုးဖောက်မှု၊ ဒေါ်လာ ၂ ဘီလျံအထိ ခိုးယူခံရ

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူးကလီးယားဒုံးကျည် အစီအစဉ်အတွက် ဆိုက်ဘာအင်တာနက် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုတွေကို အသုံးပြုပြီး၊ ဘဏ်တိုက်တွေနဲ့ လျှို့ဝှက်ငွေကြေးလွှဲပြောင်းမှုတွေကနေ အမေရိကန်ဒေါ်လာ ၂ ဘီလျံအထိ ခိုးယူခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဖော်ပြကြောင်း AFP သတင်းက ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အကြီးစားထိုးဖောက်မှု အနည်းဆုံး ၃၅ ခုကို ကုလသမဂ္ဂက စုံးစမ်းနေပါတယ်။ ဒါပေမဲ့ အဲဒီ ထိုးဖေါက်ဝင်ရောက်မှုတွေကို ခြေရာခံဖို့ခက်ခဲတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်နီးပါးလောက်အတွင်း ဒုံးကျည် လေးကြိမ် ပစ်လွှတ်ခဲ့ပြီး၊ နောက်ထပ်လည်း ဆက်လက်စမ်းသပ် ပစ်လွှတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အင်္ဂါနေ့က နောက်ဆုံးစမ်းသပ်ခဲ့တာဟာ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သတိပေးလိုက်တာ ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောလိုက်ပါတယ်။ RFA