မန်ယူအသင်းခေါင်းဆောင်ရာထူး လိုချင်နေတဲ့ ဂိုးသမား ဒီဂီယာ

လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်ရာထူး ရယူသွားချင်တယ်လို့ မန်ယူဂိုးသမား ဒီဂီယာက ပြောလိုက်ပါတယ်။

ဒီဂီယာဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ရာသီကြိုခရီးစဉ်ကနေ မန်ချက်စတာကို ပြန်ရောက်ရှိတဲ့အချိန်မှာ တရားဝင်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဒီဂီယာဟာ ၂၀၂၅ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုးခဲ့ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းဝန်းကျင် ရရှိမှာပြီး ကမ္ဘာ့လစာအကောင်းဆုံး ဂိုးသမားဖြစ်လာမည်ဟုလည်း AS သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ပွဲစဉ်တချို့မှာ အသင်း ခေါင်းဆောင်ရာထူးတာဝန် ယူခဲ့ဖူးပြီး အဲဒီလို အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားနေရတဲ့ အချိန်မှာ အံ့အားသင့်စရာခံစားမှု ရရှိတယ်လို့ ဒီဂီယာက ဆိုပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်မယ်ဆိုရင် ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာဖြစ်တယ်လို့ ဒီဂီယာက ပြောပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒီဂီယာအပြင် ဗလင်စီယာ၊ အက်ရှ်လေယန်း၊ စမောလင်း စတဲ့ကစားသမားတွေကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ဖူးပါတယ်။