ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဟင်္သာတမြို့နယ် ပါတီဝင်များ၏ သားသမီးများအား ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်

 

ဟင်္သာတ ဇူလိုင် ၈

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဟင်္သာတမြို့နယ် အတွင်းရှိ ရပ်/ကျေးကော်မတီဝင်များ၏ သားသမီး များကို ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပါတီရုံးခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် တက်ရောက်ချီးမြှင့် ခဲ့သည်။ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှု ဆောင် ဦးအောင်တင်မြင့်၊ ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ၊ ဒေသခံများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်သော ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ အားပေးကူညီမှုတို့ကို ချီးကျူး ဂုဏ်ပြုပါကြောင်း၊ ပြောင်းလဲလာသည့် ပညာရေးစနစ် အခြေအနေ၊ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ပြည်သူနှင့် စဉ်ဆက်မပြတ်ထိတွေ့ စည်းရုံးကြရန်နှင့် စည်းရုံးရေး သမားကောင်းတွေဖြစ်ဖို့ အားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက လက်ရှိနိုင်ငံရေး အခြေအနေများ၊ လွှတ်တော်တွင်း အခြေအနေ များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဦးက ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က မြန်မာတစ်နိုင်ငံလုံးအဆင့် စာပေပြိုင်ပွဲတွင် ဆုရရှိသော ခရိုင်အရန် ကော်မတီဝင် ဦးဇော်လွင်ဦး ကလောင်အမည် (ဦးဇော်လွင်ဦး၊ဟင်္သာတ) အား လည်းကောင်း၊ ပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီက တက္ကသိုလ်ဝင်တန်းစာမေး ပွဲထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

ဆုရကျောင်းသားကျောင်းသူများ ကိုယ်စား တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင် ခဲ့သော ကျောင်းသူ မမေသဇင်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းကြောင်း သိရသည်။