အသက် ၉ဝ နှင့်အထက် အဘိုးအဘွားများအား ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုမှ အိမ်တိုင်ရာရောက် လိုက်လံကန်တော့

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်းပါတီနာယက) ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း) တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး မိသားစုနှင့် မြို့နယ်ပါတီမိသားစုများက မြို့နယ်အတွင်းရှိ အသက် ၉ဝ နှင့်အထက် အဘိုး အဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကာ လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှူဒါန်းမှုအား ယမန်နေ့ နံနက် ၇ နာရီခွဲခန့်မှ စတင်၍ (၂၅) ရပ်ကွက်မှ အဘိုး ဦးခင်မောင်ဆွေ (၉၆နှစ်)၊ အဘိုး ဦးစိန်တိုး (၉၁နှစ်) နှင့် အဘွားဒေါ်ခင်အေး (၉၁နှစ်)၊ (၂၁) ရပ်ကွက်မှ အဘွားဒေါ်အမာ (၁ဝ၈နှစ်)၊ (၂ဝ)ရပ်ကွက်မှ အဘွား ဒေါ်အေးမိ (၁ဝ၂နှစ်)၊ (၅၄) ရပ်ကွက်မှ အဘိုးဦးတင်အောင် (၉၅နှစ်)၊ အဘိုး ဦးမောင်သန်း (၉၁နှစ်)၊ အဘိုး ဦးဘိုနီ (၉၆နှစ်) နှင့် (၆၅) ရပ်ကွက်မှ အဘိုး ဦးအုန်းရွှေ (၉၆နှစ်) စုစုပေါင်း အဘိုး အဘွား ကိုးဦးတို့အား ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းမှ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်အောင်နှင့် ဦးကျော်ကျော်၊ မြို့နယ်အရန်ပါတီ ကော်မတီဝင်များနှင့် အမျိုးသမီးထု အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံဂါရဝပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။  ဇော်ရဲထွဋ်(ဒဂုံတောင်)