ပါတီဗဟိုအတွင်းရေးမှူး စက်ချုပ်သင်တန်းဆင်းပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းများ တက်ရောက်

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီ၊ လူငယ်ရေးရာကော်မတီနှင့် အလုပ်သမား ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မော်တာနင်းစက်ချုပ် (အခမဲ့) သင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို လှိုင်သာယာမြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး (အမျိုးသမီးရေးရာ တာဝန်ခံ) ဒေါက်တာစန်းစန်းနွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်စန်းစန်းဝင်းတို့က အမှာစကား ပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် (လှိုင်သာယာမြို့နယ်တာဝန်ခံ) ဦးသန်းမြင့်က သင်တန်း သား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်း ခရိုင်ဥက္ကဋ္ဌ ဦးတင်ယုက သင်တန်း နည်းပြအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ သင်တန်းဆင်းပွဲသို့ မြောက်ပိုင်းခရိုင်ပါတီ ကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါ်ချမ်းမြအေးနှင့် ခရိုင်ပါတီကော်မတီဝင် လှိုင်သာယာမြို့နယ် တွဲဖက်တာဝန်ခံ ဦးရဲဝင်း ရှိန်နှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြပြီး တစ်ဆက်တည်း နိုင်ငံရေးစကားဝိုင်းများ ကျင်းပ၍ မော်တာနင်း စက်ချုပ်သင်တန်းအား ဝင်ရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပါတီဗဟိုအတွင်းရေးမှူး (အမျိုးသမီးရေးရာ တာဝန်ခံ) ဒေါက်တာ စန်းစန်းနွယ်က လိုအပ်သည်များ ရှင်းလင်းမှာကြားခဲ့ပြီး အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ထိန်ဝင်း(YGN)