ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပါတီဆိုင်းဘုတ်တင်ပွဲနှင့် စိုက်ပျိုးရေး နည်းပညာဆွေးနွေးပွဲ တက်ရောက်
နေပြည်တော် ဇူလိုင် ၃
ဇေယျာသီရိမြို့နယ် ကျွန်းရောင်းအုပ်စု ရွာသစ်ကျေးရွာ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးဝင်း နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အုပ်စုပါတီရုံး ဆိုင်းဘုတ်တင် ပွဲနှင့်စိုက်ပျိုးရေး နည်းပညာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း တက်ရောက်အားပေး ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းက ရှေးဦးစွာ အုပ်စုပါတီရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ မင်္ဂလာအချိန်တွင် စိုက်ထူခဲ့ကြသည်။ ထို့နောက် လွှတ်တော်တွင်း အတွေ့အကြုံ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားပြီး ဥပဒေပြုအခြေအနေများ၊ ရခိုင်ပြည်နယ်အရေးနှင့် ကလေးသူငယ် ဆိုင်ရာ ဥပဒေကိစ္စရပ်များကို ပြည်သူလူထုသိရှိစေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များဖြစ်ကြသော ဦးဖေ သန်းဦး၊ ဦးဝင်းမြင့်နှင့် ဦးကျော်ဌေးတို့က ထိုင်းနိုင်ငံအတွေ့ အကြုံစိုက်ပျိုးရေး နည်းပညာများကို လက်တွေ့ သရုပ် ပြ ရှင်းလင်းခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ ပြည်ထောင်စု နယ်မြေ ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပါတီအတွင်းရေးမှူး ဦးနွေနှင်းမောင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် ကော်မတီ ဝင်များ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)