အမေရိကန်သမ္မတ ထရမ့် နယ်စပ် ဥပဒေကြမ်း လက်မှတ်ရေးထိုး

အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံနယ်စပ်မှ ရွှေ့ပြောင်းလာသူတွေ အလုံးအရင်း ၀င်ရောက်လာမှုကို ဖြေရှင်းမယ့် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အုပ်ထိန်းသူမဲ့ ကလေးငယ်တွေကို သင့်တော်တဲ့နေအိမ်တွေမှာ နေရာချထားဖို့၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံမှုဆိုင်ရာထောက်ပံ့ ကူညီမှုတွေ အတွက်  အဲဒီ ၄ ဒဿမ ၆ ဘီလီယံထဲက ၃ ဘီလီယံနီးပါးကို ကျန်းမာရေးနဲ့ လူသားချင်း အကူအညီပေး ရေးဌာနကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ထိန်းသိမ်းခံ ရွှေ့ပြောင်းအရွယ်ရောက်ပြီးသူတွေအတွက်  စားဝတ်နေရေးနဲ့ ဆေးကုသရေး အခြေခံလို အပ်ချက်တွေကို ဖြည့်တင်းပေးဖို့ ထပ်တိုး ၁ ဒသမ ၃ ဘီလီယံကို တော့ ပြည်တွင်း လုံခြုံရေးဌာနကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ သမ္မတထရမ့်က ရွှေ့ပြောင်းလာသူတွေကို မက္ကဆီကိုဆီ များများပို့ဖို့ ကြိုးပမ်းနေ ပေမယ့် အမေရိကန်အစိုးရကတော့ နေ့စဉ်ဆိုသလို ရွှေ့ပြောင်းလာသူ ထောင်ချီပြီး စောင့်ရှောက်ပေးနေဆဲပါ။ 

တဆက်တည်းဆိုသလို နျူကလီးယား သဘောတူညီချက်ကို ကျော်ပြီး အီရန်က ယူရေနီယမ် အမြောက်အမြား ထုတ်လုပ်နေတယ်ဆိုတဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတ ထရမ့်က အီရန်ဟာ မီးနဲ့ ကစားနေတယ်လို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို ဖုန်းနဲ့ ဆက်ဆွေးနွေးနေပြီး အမေရိကန်ဘက် အနည်းငယ် အလေးသာမယ့် သဘောတူညီချက်ရဖို့ လိုတယ်လို့ သူ က ပြောပါတယ်။ 

အဲဒီနောက် ဇူလိုင် ၄ ရက်  အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ သမ္မတ ထရမ့်က အစဉ်အလာကို ချိုးဖောက်ပြီး လင်ကွန်း အောက်မေ့ဘွယ် အဆောက်အဦမှာ မိန့်ခွန်းပြောကြား မယ်လို့ မျှော်လင့်ရပါတယ်။ dvb