ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံ တိုင်းရင်းသာများနှင့် တွေ့ဆုံ
လောက်ကိုင်၊ ဇွန် ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက လောက်ကိုင်မြို့ရှိ ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံတိုင်းရင်းသားများ တွေ့ဆုံခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် လောက်ကိုင်ခရိုင်
ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီဥက္ကဋ္ဌမှ နယ်မြေဒေသအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လောက်ကိုင်ခရိုင် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ဆန်အိတ်များ ထောက်ပံ့ပေးအပ် ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ နယ်မြေ တာဝန်ခံ ဦးအောင်သန်းထွဋ်မှ လည်းစစ်ဘေးရှောင် ပြည်သူများအား အလှူငွေများ ကူညီထောက်ပံ့ ခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အခမ်းအနားသို့ တက်ရောက်လာသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် အတွင်းရှိ ပါတီဝင်များနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းနှီးပျူငှာစွာဖြင့် နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်း ဝင်း၊ ပါတီဗဟိုအတိုင်ပင်ခံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ ချင်းရွှေဟော်စသည့် မြို့နယ်များမှ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက် ခဲ့ကြသည်။