ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီတာဝန်ရှိသူများအား တွေ့ဆုံ
လောက်ကိုင်၊ ဇွန် ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်း ဌေးသည် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီတာဝန်ရှိသူများအား တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြု၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ စတင်ပြီး လောက်ကိုင်ခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီတာဝန်ရှိသူများ အနေဖြင့် တစ်ဦး ချင်းစီ မိတ်ဆက်စကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်အတွင်း ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသအခြေအနေများအား တာဝန်ရှိသူများက အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တင်ပြဆွေးနွေးလာမှုများအပေါ် ဖြည့်စွက်ရှင်းလင်းပြောကြား ခဲ့သည်။ ထိုသို့တွေ့ဆုံရာသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပါတီဗဟိုအတိုင်ပင်ခံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီကော်မတီ ဝင်များ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသား ခေါင်းဆောင်များ၊ ခရိုင်နှင့်လောက်ကိုင်၊ ကုန်းကြမ်း၊မော်ထိုက်၊ ချင်းရွှေဟော်စသည့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။